Thursday, November 10, 2011

ဘာကြောင့်တိုင်းတစ်ပါးသို့.....

ပြည်တွင်း၊ ပြည်ပ မြန်မာရွှေ့ပြောင်း အလုပ်လုပ်သူများအကြား ရေကြည်ရာမြက်နုရာဟူသည့်စကားမှာ အလွန်ပင်အပြောများ သည်။ ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်ခြင်းကို အချို့က Braind Drain ဖြစ်သည်ဟုဆိုကြပြီး အချို့က Brain Gain ဖြစ် သည်ဟုဆိုကြသည်။ ထိုသို့ဆိုလျှင် Brain Gain ဖြစ်ရေး တိုင်းပြည်တွင် မည်ကဲ့သို့အခင်းအကျင်းမျိုး ရှိသင့်သနည်း။ ဘာကြောင့်ပြည်ပသို့ထွက်ပြီးအလုပ်လုပ်နေကြသနည်းဆိုသည်မှာ စဉ်းစားစရာဖြစ်လာသည်။
ဘာကြောင့်ထွက်…
ပြည်ပသို့အကြောင်းမျိုးစုံ၊ ရည်ရွယ်ချက်ကိုယ်စီဖြင့် အလုပ်သွားလုပ်ကြသည်။ စင်ကာပူေ၇ာက်နေသည်မှာ လေးနှစ်ခန့်ရှိပြီ ဖြစ်သည့် Drafter တဦးဖြစ်သူ အသက် 30 နှစ်အရွယ် ကိုနိုင်ဝင်းက မိမိအနာဂတ်ဘ၀ ဖြောင့်ဖြူးရေး၊ မိသားစုကို ထောက်ပံ့ နိုင်ရေး၊ ပညာဗဟုသုတရှာဖွေနိုင်ရန်နှင့် နိုင်ငံကြီးများမည်ကဲ့သို့ တိုးတက်ပြောင်းလဲလာသည်ကို လော့လာရန်အတွက်ဟု သူပြည်ပထွက်ခွာအလုပ်လုပ်ရသည့် ရည်ရွယ်ချက်ကိုပြောသည်။
ဆော်ဒီတွင် သူနာပြုဆရာမအဖြစ် လုပ်ကိုင်နေသည့် အသက် 25 နှစ်အရွယ် မအိမ်သူက ငွေကြေးနှင့် အတွေ့အကြုံအတွက် ထွက်လာခဲ့သည်ဟုဆိုသည်။ အားလုံးတူညီစွာပြောကြသည်မှာ ဘ၀ရပ်တည်မှုခိုင်မာရန်၊ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်သည့် အသက် 28 နှစ်အရွယ် ကိုထိုက်မင်းကမူ သူပြည်ပထွက်ခွာရခြင်းရည်ရွယ်ချက်ကို “ပိုက်ဆံ“ ဟုတခွန်းထဲဖြေသည်။
ပြည်တွင်းတွင်လုပ်ခလစာနည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းကြောင့် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ရန်ဆုံးဖြတ်ကြခြင်းဖြစ် ကြောင်း၊ ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်သည့်လူငယ်များက ပြောဆိုကြသည်။ “လစာက တစ်သိန်း၊ တစ်သိန်းကျော် လေးပဲရတာ အလွန်ဆုံးလေ။ ကြာတော့အလုပ်လုပ်ရတာ ဘာမှ မထူးခြားဘူးလို့ခံစားရတယ်“ ဟုတချိန်တွင် ကိုယ်ပိုင် လုပ်ငန်းတစ်ခုထူထောင်ရန် စိတ်ကူးရှိသူ အသက် 27 နှစ်အရွယ် ကိုကျော်ဝင်း က ပြည်တွင်းတွင် အလုပ်လုပ်ကိုင် ရသည့် အခြေအနေကိုရှင်းပြသည်။
ပြည်တွင်းတွင် ပုံဆွဲအင်ဂျင်နီယာတစ်ဦး ဖြစ်တည်ရပ်တည်မှုသည် သူ့စိတ်ကူးဖြစ်သည့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ရန်အတွက် အရင်းအနှီးများမပေးနိုင်။ စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်သည့် အသက် 25 နှစ်အရွယ် ကိုနေအေး၏မှတ်ချက်က “ဒီမှာ ဘ၀ လုံခြုံမှုရှိရင် ရိုက်ပြီးသွားခိုင်းရင်တောင်သွားကြမှာမဟုတ်ဘူး။ ဦးတည်ချက်အစုံ၊ ၇ည်ရွယ်ချက်အစုံဖြင့် နေ့စဉ်နှင့်အမျှ ပြည်ပ သို့မြန်မာများတဖွဲဖွဲထွက်ခွာနေကြသည်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်၊ အသိုင်းအ၀ိုင်းသစ်တွင် ဘ၀ကိုအသားကျအောင် ကြိုးစားကြရသည်။
ကြုံရဆုံရ ပြည်ပဘဝ
အရင်ဆုံးကြုံရတာက ဘာသာစကားနဲ့ယဉ်ကျေးမှု ဟု မအိမ်သူက ပြောပါတယ်။ ယဉ်ကျေးမှု ၊ ဓလေ့စရိုက် ၊ ဘာသာစကား၊ အရာအားလုံးမတူညီသည့် ဆော်ဒီတွင် လူနာများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရာတွင် အခက်အခဲများစွာ ကြုံရသည် ဟုသူကဆိုသည်။ ဆော်ဒီကဲ့သို့အင်္ဂလိပ်စကားမပြောသည့် နိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများသည် ဘာသာ စကားပြသနာပြေလည်ရန် အင်္ဂလိပ်စကားပြောရသည့် နိုင်ငံတွင် အလုပ်လုပ်သူများထက် ပိုရုန်းကန်ကြရသည်။ မွန်ဘိုင်းတွင် တာဝန်ကျသည်မှာ 2 လခန့်ရှိပြီဖြစ်သည့် ကိုထိုက်မင်းက အိန္ဒိယအစားအစာများကို မစားနိုင်သည့်အတွက် ကြက်ဥနှင့်သာ နှစ်ပါးသွားနေရကြောင်း သူ့ဖြစ်အင်ကို မချိတင်ကဲပြောပြသည်။ သူတို့နှင့်တွေ့တိုင်း ပြောသည့်စကားက “ အိမ်ပြန်ချင်ပြီ “ ဖြစ်သည်။
ထို့ပြင် အလုပ်လုပ်ကိုင်သူများထံမှ အမြဲကြားနေရသည့်စကားမှာ “အနှိမ်ခံရခြင်း“။
ပြည်ပတွင်အလုပ်လုပ်ကိုင်သည့်အခါ အနှိမ်ခံ၇သည်မှာ အစဉ်အလာလိုဖြစ်နေပြီး လုပ်ငန်းခွင်တွင်ရော၊ ပတ်ဝန်းကျင်တွင်ပါ ခွဲခြားဆက်ဆံခံရသည်ဟု ပြည်ပတွင် အလုပ်လုပ်သူများက တညီတညွတ်တည်းဆိုသည်။
ထိုင်းနိုင်ငံတွင် စက်မှုအင်ဂျင်နီယာတစ်ဦးအဖြစ်လုပ်ကိုင်နေသည့် ကိုနေအေးက လေဆိပ်ရောက်ကတည်းကပင် ခွဲခြား ဆက်ဆံခြင်းခံရကြောင်းဆိုသည်။
ယခုရေနံကုမ္မဏီတွင်HR မန်နေဂျာလုပ်နေသူ အသက် 32 နှစ်အရွယ် ကိုဟိန်းစိုးသည် စင်ကာပူတွင် Work Permit ဖြင့် 3 နှစ် ကျော်လုပ်ကိုင်ခဲ့ပြီး ပြည်တွင်းတွင် ဘ၀အသစ်ပြန်စနေရသူဖြစ်သည်။ သူ့အဆိုအရ စင်ကာပူသည် မြန်မာမဟုတ်။ အခြားနိုင်ငံသားများဖြစ်သည့် ဖိလစ်ပိုင် ၊ မလေးရှားတို့ကိုလည်းနှိမ်ချဆက်ဆံတတ်ကြောင်း ၊ ယင်းနှင့်ပတ်သတ်ပြီး ကိုဟိန်းစိုး က “ အမူးသမားနဲ့ သူတောင်းစားသားသမီးကို ဘယ်ရပ်ကွက်ကမှ မလေးစားသလိုပဲ“ လို့ပြောပါတယ်။
အလုပ်တအားပင်ပန်းခြင်း၊ နွေးထွေးသည့် ပတ်ဝန်းကျင်မဟုတ်ခြင်း၊ ကိုယ့်ဘ၀နှင့်ကိုယ်လုံးချာလည်နေသည့်အတွက် တယောက်ကိုတယောက်မဖေးမနိုင်ခြင်း၊ အထီးကျန်ဆန်နေခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း စသည့် ခံစားချက်မျိုးစုံကို ရင်ဆိုင်ရင်း တနေ့နေ့ဟူသည့် စိတ်ဖြင့် ၄င်းတို့အားခဲခရီးဆက်နေကြရသည်။
မည်ကဲ့သို့သော နိုင်ငံရေး၊ စီးပွားရေးအခင်းအကျင်းရှိလျှင် ပြည်တော်ပြန်အခြေချကြမည်နည်း။ Brain Gain ဖြစ်လာဖို့ နိုင်ငံတော်အနေနှင့် မည့်ကဲ့သို့အခင်းအကျင်းမျိုးဖန်တီးပေးသင့်သနည်း။
ဘယ်အခြေမှာတကယ်နေ
ကိုနိုင်ဝင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုမြင့်လာပြီး တံခါးဖွင့်စီးပွားရေးစနစ်ကျင့်သုံးပြီဆိုလျှင် ပြန်လာမည်ဟု သူ့ဆန္ဒကိုဆိုသည်။
လက်ရှိအခြေအနေသည် အထူးစီးပွားေ၇းဖွံ့ဖြိုးမှုဇုန်များ၊ ရေနက်ဆိပ်ကမ်းစီမံချက်များကြောင့် ပြည်ပတွင် အလုပ်လုပ်နေသူများ ပြည်တွင်းတွင် လာရောက်အခြချရန် စိတ်ဝင်စားမှုရှိလာသည်ဟု ဆိုသည်။
ပြည်တွင်း NGO တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် 25 နှစ်အရွယ် ကိုစိုင်းက ယခု လက်ရှိအကောင်အထည်ဖော်နေ သည့် အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းစီမံချက်များတွင် ပြည်ပရောက်နေသည့် မြန်မာများ အလုပ်ပြန်လာလုပ်နိုင် အောင်၊ ရင်းနှီးမြှုပ်နှံနိုင်အောင် အခွင့်အလမ်းများဖန်တီးပေးသင့်သည်။ မိမိတိုင်းပြည်မှ အလုပ်သမားများ အခွင့်အရေးအပြည့် ရစေရန် နိုင်ငံတော်အပိုင်းက စဥ်းစားပေးသင့်သည်ဟုဆိုသည်။ ကိုထိုက်မင်းကမူ “ကိုယ့်အရည်အချင်းကို အသုံးချလို့ရတယ့် ကုမ္မဏီရှိရင်ပြန်လာမည်“ ဟုဆိုသည်။ ကိုကျော်ဝင်း၏ အိပ်မက်ကမူ ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးတခုလုပ်နိုင်သည့် အခြေအနေမျိုးရောက်လျှင် ပြန်လာမည်။
ပြည်ပမှပြန်ရောက်ပြီးနောက်ပိုင်း အလုပ်လက်မဲ့ဘ၀၊ သုတေသနကုမ္မဏီတခု၏ interviewer ဘ၀၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခု၏ ၀န်ထမ်းဘ၀တို့ကိုဖြတ်သန်းပြီး လက်ရှိတွင် ရေနံကုမ္မဏီတခု၏ HR မန်နေဂျာလုပ်နေသော ကိုဟိန်းစိုးက ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူများကို ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း၊ ၀န်ထမ်းလုပ်ချင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ရန်လိုအပ်ကြောင်း၊ ပြည်ပရောက်နေသူများသည် ပြည်တွင်း၏ အခြေအနေကိုအမြဲစောင့်ကြည့်လျက်ရှိသည်။ ကိုဟိန်းစိုးသည် စင်ကာပူတွင် 3 နှစ်ကျော်အလုပ်လုပ်ကိုင်ခဲ့ပြီး 2007 တွင်ပြန်ရောက်ကာ ဘ၀ကို 1 ကပြန်စခဲ့ရသူဖြစ်သည်။ သူက ထပ်လောင်းပြောကြားသည်မှာ “အလုပ်အကိုင်အခွင့်အလမ်းပေါ်ပြီဆိုတာနဲ့ ပြေးလာကြမှာပဲ“ ။ ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်တွင် စီးပွားရေးပညာသင်ယူနေသည့် အသက် 27 အရွယ် မယုမော်က “တံခါးတွေဖွင့်လိုက်ဖို့ပါပဲ။ ကျန်တာတွေက သူ့ဟာသူ တဖြည်းဖြည်းဖြစ်လာပါလိမ့်မယ်“ ဟုသူ့အမြင်ကိုပြောသည်။ သဘောင်္အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ကိုမြတ်ငြိမ်းက “စားပွဲတွေ အများကြီးဖြတ်ရတဲ့စနစ်ကိုပြုပြင်ရမယ်။ မီးမှန်ရမယ်။ ဖုန်းဈေးပေါရမယ်။ ကားဈေးပေါရမယ်။“ ဟုသူ့ဆန္ဒကိုပြောပါ တယ်။ ကိုစိုင်းကတော့ ပြည်ပရောက်လူငယ်များပြည်တွင်ပြန်ဝင်လာဖို့ကို “လွှတ်တော်မှာ ဆွေးနွေးဖို့ အဆိုတင်သွင်းသင့် တယ်“ ဟု မှတ်ချက်ချသည်။
ထိုနေရာတွင် တခုစဉ်းစားဖို့လိုသည်က ပြည်တွင်းသို့လာရောက်အခြချမည့်သူများသည် မည်သို့ပြင်ဆင်လာသင့်သနည်း။ မည်သည့်အခက်အခဲများကို ရင်ဆိုင်ရနိုင်သနည်း။
ပြန်လာကြရာဝယ်
ပြည်ပတွင်အလုပ်လုပ်ကိုင်ပြီး ပြည်တွင်းတွင်အခြေချလုပ်ကိုင်မည်ဟူသောစိတ်ဖြင့် ပြန်လာသူများသည် ပြည်ပတွင် လုပ်ကိုင်ခဲ့ သည့်အလုပ်နှင့် ပြည်တွင်းတွင် အသုံးမချနိုင်ခြင်း၊ လုပ်ငန်းခွင်သဘောသဘာဝမတူခြင်း၊ မိမိတွင်ပါလာသည့် ငွေဖြင့် ရင်းနှီးမြှုပ် နှံရန်မလောက်ငခြင်း တို့ကြောင့် ပြည်တွင်းပြန်ေ၇ာက်သည့်အခါ ယောင်ချာချာဖြစ်တတ်သည်ဟု ပြည်ပမှ ပြန်လာသူ အချို့ ကဆိုကြသည်။
အထူးသဖြင့် ပြည်ပတွင် work permit ဖြင့်အလုပ်လုပ်ခဲ့သူများသည် ပြည်တွင်းပြန်ရောက်သောအခါ ယောင်ချာချာဖြစ်မှု ပိုများသည်။ ပြည်တွင်းဂျာနယ်တစောင်မှ သတင်းထောက်တဦးကမူ “လုပ်ငန်းအမျိုးအစားပေါ်မုတည်ပါလိမ့်မယ်“ ဟုမှတ်ချက် ပေးသည်။ work permit ဖြင့် အလုပ်လုပ်သူများ၊ S pass ဖြင့်အလုပ်လုပ်သူများ ပြည်တွင်းတွင်ပြန်အခြေချမှုကွာသကဲ့သို့ ပြည်ပတွင်လုပ်စဉ်က တဦးစီ၏ လေ့လာမှုရည်ရွယ်ချက်၊ ပြည်တွင်းတွင်ကျန်ခဲ့သည့် မိသားစု၏ အမြော်အမြင်ရှိမှုတို့ကလည်း အရေးကြီးသည်။ “ ဟိုကပို့သမျှ ဒီကဒိုင်ခံသုံးပေးထားလို့ကတော့ ပြန်လမ်းမရှိဘူး“ ဟုကိုဟိန်းစိုးက ဆိုသည်။
ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပသည့်ဟောပြောပွဲတခုတွင် ပြည်ပသို့သွား အလုပ်လုပ်သူ လူငယ်များနှင့်ပတ်သတ်ပြီး ပြည်ပတွင်းစားပွဲထိုးအလုပ်ကိုလုပ်ရလျှင်ပင် သူတို့၏ စားသောက်ဆိုင်လုပ်ငန်း သဘောသဘာဝကိုလေ့လာပြီး ပြည်တွင်းသို့ပြန်ရောက်သည့်အခါ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်ရန်ဟူသည့် ရည်မှန်းချက် ဖြင့် ကြိုးစားသင့်ကြောင်း ပြောသည်။
အချုပ်ဆိုရသော် အိမ်ပြန်ချင်နေကြသည့် ထိုလူငယ်များ အိမ်ပြန်လာနိုင်ရန်အတွက် ရေကြည်ရာမြက်နုရာအခြေအနေများ ဖန်တီး ပေးရန်လိုသည်။ ထိုကိစ္စကို လွှတ်တော်သို့အဆိုတင်သွင်းသင့်သည်ဟုလဲဆိုသည်။ ဗီယက်နမ်သည် နိုင်ငံသားများ အိမ် ပြန်လာရန်ကြိုးပမ်းရာတွင် နာမည်ကြီးခဲ့သည်။ ပန်းတို့သည် သင့်လျော်သည့် ရေ၊ မြေ၊ သဘာဝတွင်သာ ရှင်သန်ပွင့်ဖူးနိုင်ကြ သည်။ ယင်းရေခံ မြေခံအတွက် ဥယျာဉ်မှုးများသည်သာ အခရာ။……………….
(The Voice ဂျာနယ်မှ ဟန်ထက်၏ ဆောင်းပါးကောင်းကို ပြန်လည်မျှဝေပါသည်။)

No comments:

Post a Comment

သုံးသပ်ပေးပါဦးခင်ဗျာ

Note: Only a member of this blog may post a comment.